မိခင်များအတွက် အာဟာရ

Updated on ▸ March 14, 2024 ▪️

Written by ▸ ဒို့အိမ်မက် ▪️

Fact checked by ▸ Wor Mi Thi ▪️

Page views ▸ 175

ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးနောက်နှင့် မိခင်နို့တိုက်ကျွေးမှုအတွက် မရှိမဖြစ် လမ်းညွှန်

နိဒါန်း

အစားအသောက်နှင့်ပတ်သက်သော ရွေးချယ်မှုများသည် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးနောက် ဖြတ်သန်းမှုအတွက်သာမက သင့်ကလေး၏ အနာဂတ်ကျန်းမာရေးကိုပါ လေးနက်စွာ သက်ရောက်မှုရှိပါသည်။ အကောင်းဆုံးအာဟာရသည် သင့်ကလေး၏ဖွံ့ဖြိုးမှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်များကိုတည်ဆောက်စေပြီး တစ်သက်တာလုံးအတွက် ကျန်းမာသောအလေ့အကျင့်များအတွက် ဖြစ်ပါသည်။

သင့်လျော်သော အာဟာရသည် သားဖွားမီးယပ်ဆိုင်ရာ အဆင့်တိုင်းတွင် သင့်ကျန်းမာရေးကို ပံ့ပိုးပေးပါသည်။ အားအင်ပေးခြင်း၊ မီးဖွားပြီးနောက် ပြန်လည်ကောင်းမွန်လာစေရန်နှင့် အာဟာရရှိသော မိခင်နို့ကိုထုတ်လုပ်ရန် ကူညီပေးသည်။

ကိုယ်ဝန်ဆောင်အာဟာရ- သင့်ခန္ဓာနှင့် ကြီးထွားလာသောသန္ဓေသားအတွက် စွမ်းအင်

အဓိက အာဟာရများ

  • ဖောလစ်အက်ဆစ်- ကလေး၏ ဦးနှောက်နှင့် ကျောရိုးတို့တွင် မွေးရာပါချို့ယွင်းချက်များကို ကာကွယ်ရန် အရေးကြီးပါသည်။ အရွက်စိမ်းများ၊ Fortified Cereals များ နှင့် ကိုယ်ဝန်ဆောင် ဗီတာမင်စီများတွင် တွေ့ရပါသည်။
  • သံဓာတ်- ဗိုက်ထဲကကလေးဆီ အောက်ဆီဂျင်ကို သယ်ဆောင်ပြီး သင့်သွေးပမာဏတိုးလာမှုကို ထောက်ပံ့ပေးသည်။ အနီရောင်အသားများ၊ ပဲများနှင့် Fortified Cereals များသည် သံဓါတ်အတွက်ကြွယ်ဝသော အစားအစာများဖြစ်သည်။
  • ကယ်လ်စီယမ်- သင့်ကလေးငယ်အတွက် အရိုးနှင့် သွားများကို သန်မာစေသည်။ နို့ထွက်ပစ္စည်းများ၊ အရွက်စိမ်းများ နှင့် Fortified Cereals သည် ကယ်လ်စီကောင်းမွန်သော အရင်းအမြစ်များဖြစ်သည်။
  • အိုင်အိုဒင်း- ​​သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင့်သိုင်းရွိုက်ကျန်းမာရေးကို ထောက်ပံ့ပေးသည်။ အိုင်အိုဒင်းဆား၊ ပင်လယ်စာနှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရှိရသည်။
  • ဗီတာမင် D- သင့်ကလေး၏ အရိုးကြီးထွားမှုအတွက် ကယ်လ်စီယမ်နှင့် အလုပ်လုပ်သည်။ အရင်းအမြစ်များတွင် အဆီများသောငါးများ၊ အားဖြည့်နို့နှင့် နေရောင်ခြည်ထိတွေ့မှုတို့ ပါဝင်သည်။
  • ပရိုတင်း- သင့်ကလေး၏ဆဲလ်များနှင့် တစ်ရှူးများတည်ဆောက်မှုအတွက် အရေးကြီးသည်။ အဆီပါဝင်မှုနည်းသာအသားများ၊ ကြက်၊ ငါး၊ ဥ၊ ပဲနှင့် အခွံမာသီးများကို ရွေးချယ်ပါ။
  • ကျန်းမာသောအဆီများ (Omega-3s) – သင့်ကလေး၏ ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဆော်လမွန်ကဲ့သို့ အဆီများသောငါးများ အခွံမာသီးများနှင့် အစေ့အဆန်များသည် ကောင်းမွန်သော အရင်းအမြစ်များဖြစ်သည်။
  • အမျှင်ဓာတ် (Fiber)- ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဗိုက်ပြည့်နေအောင် ကူညီပေးသည်။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ပဲများတွင် တွေ့ရှိရသည်။

ရေဓာတ်

  • ရေသည် သင့်အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်သည်- တစ်နေ့တာလုံး အနည်းဆုံး ရေ 8-10 ခွက်သောက်ပါ။
  • အကျိုးကျေးဇူးများ- ရေသည် သင့်ကလေးထံသို့ အာဟာရများ သယ်ဆောင်ရန် ကူညီပေးသည်၊ အစာချေဖျက်ရန် ကူညီပေးသည်၊ ရေဓာတ်ခန်းခြောက်ခြင်းကို တားဆီးပေးပြီး အချို့သော ကိုယ်ဝန်ဆောင်ဝေဒနာများကိုပင် သက်သာစေနိုင်သည်။
  • အခြားရွေးချယ်စရာများ- ဆေးဖက်ဝင်အရွက် လက်ဖက်ရည်များ၊ ဟင်းရည်များ နှင့် ရေဓာတ်မြင့်မားသော သစ်သီးများ/ဟင်းသီးဟင်းရွက်များသည်လည်း ရေဓာတ်ကို အထောက်အကူပြုပါသည်။

အဆင်မပြေမှုကို သက်သာစေမည့်အစားအစာများ

  • နည်းနည်းချင်းမကြာခဏစားခြင်း- ၎င်းသည် ပျို့အန်ခြင်းနှင့် ရင်ပူခြင်းကို သက်သာစေနိုင်သည်။ ဗိုက်ပြည့်အောင်တခါတည်းစားမည့်အစား နည်းနည်းချင်းနှင့် မကြာခဏစားကြည့်ပါ။
  • ပျို့အန်ခြင်းကို တိုက်ဖျက်သော အစားအစာများ- Crackers လိုမျိုး အရသာရှိတဲ့ အစားအစာများ၊ ပေါင်မုန့်ခြောက်များ၊ ဂျင်းနှင့် ငရုတ်ကောင်းကဲ့သို့သော အစားအစာများသည် တစ်ခါတစ်ရံတွင် ပျို့အန်ခြင်းကို ပြေစေနိုင်သည်။
  • ဝမ်းချုပ်ခြင်းကို တိုက်ထုတ်ခြင်း- အမျှင်ဓာတ်များသော အစားအစာများ၊ ရေများများ နှင့် အလယ်အလတ် လေ့ကျင့်ခန်းများကို သင့်ဆရာဝန်က ခွင့်ပြုပါက အာရုံစိုက်လုပ်ဆောင်ပါ။
  • သင့်ဆရာဝန်နှင့် ဆွေးနွေးပါ- မသက်သာပဲ ပြင်းထန်ပါက သို့မဟုတ် ဆက်တိုက်ဖြစ်နေပါက လမ်းညွှန်ချက်ရယူရန် မတွန့်ဆုတ်ပါနှင့်။

အစားအသောက် ဘေးကင်းရေး

  • ရှောင်ရန်အစားအစာများ
    • အစိမ်း သို့မဟုတ် ဆူရှီကဲ့သို့ မကျက်သေးသောငါးများ နှင့် အသားများ
    • ပိုးသတ်မထားသော နို့ထွက်ပစ္စည်းများနှင့် ဖျော်ရည်များ
    • ပဲပင်ပေါက်ကဲ့သလို့ အပင်ပေါက်အစိမ်းများ။
    • ပြဒါးဓာတ်မြင့်မားသောငါးများ (နှုတ်သီးချွန်ငါး၊ မက်ကရယ်ငါး)
    • အရက်၊ ဘီယာ
  • ဘာကြောင့် အရေးကြီးသလဲ- ဒီအစားအစာတွေက သင်နဲ့ သင့်ကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ၊ ဒါမှမဟုတ် အဆိပ်အတောက်တွေကို သယ်ဆောင်လာနိုင်ပါတယ်။
  • သေချာစွာချက်ပါ- အသား၊ ကြက်နှင့် ငါးအားလုံးကို လုံလောက်သောအပူချိန်ဖြင့် သေချာစွာချက်ပြုတ်ပါ။
  • အညွှန်းများကို စစ်ဆေးပါ- အထူးသဖြင့် ပြုပြင်ထားသော အသားများနှင့် ဒိန်ခဲပျော့များတွင် အညွှန်းများကို သေချာဖတ်ပါ။

မီးဖွားပြီးနောက် အာဟာရ – အားဖြည့်ပြန်လည်တည်ဆောက်ခြင်း

မိခင်၏ အာဟာရဆိုင်ရာခရီးလမ်းသည် ကလေးမွေးဖွားပြီးသည်နှင့် မပြီးဆုံးပဲ ဆက်လက်အရေးကြီးနေပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကဲ့သို့ပင်၊ သင့်ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရန်၊ သင့်စွမ်းအင်ပမာဏနှင့် ကျန်းမာရေးအတွက် ကောင်းမွန်သောအာဟာရသည် မရှိမဖြစ်လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်တွင် သင်အာရုံစိုက်ခဲ့သော တူညီသောအာဟာရဓာတ်များစွာသည် မီးဖွားပြီးနောက်တွင်လည်း အရေးကြီးသည်။

  • သံဓာတ်- မီးဖွားစဉ်တွင် ဆုံးရှုံးသွားသော သံဓာတ်ကို ဖြည့်တင်းပေးပြီး သွေးအားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများကို ကာကွယ်ပေးသည်။ အနီရောင်အသားများ၊ အရွက်စိမ်းများ၊ ပဲများနှင့် Fortified Cereals များကဲ့သို့ သံဓာတ်ကြွယ်ဝသော အစားအစာများကို ရွေးချယ်ပါ။
  • ကယ်လ်စီယမ်နှင့် ဗီတာမင် D- အထူးသဖြင့် သင်သည်နို့တိုက်နေပါက သင်၏အရိုးကျန်းမာရေးကို ဆက်လက်ပံ့ပိုးပေးပါသည်။
  • ပရိုတင်း- တစ်သျှူးများကို ပြုပြင်ပေးပြီး ကိုယ်ဝန်မဆောင်မီကအတိုင်း အလုံးစုံ ပြန်လည်ကောင်းမွန် လာစေရန် ကူညီပေးသည်။
  • ကျန်းမာရေးနှင့် ညီညွတ်သော အဆီနှင့် အမျှင်ဓာတ်- စွမ်းအင်မြှင့်တင်ခြင်းနှင့် အစာချေဖျက်ရာတွင် အထောက်အကူဖြစ်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။

အစားအသောက်စီစဉ်ခြင်း အကြံပြုချက်များ

  • ကြိုတင်ပြင်ဆင်ခြင်း- ဖြစ်နိုင်ပါက ကလေးမမွေးမီကတည်းက ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများနှင့် ရိုးရှင်းသောအစားအစာများကို ကြိုတင်ပြင်ဆင်ပါ။
  • အတွဲလိုက် ချက်ပြုတ်ခြင်း (Batch Cooking)- တစ်ပတ်တာလုံးအတွက် ပြန်နွှေးပြီး စားသောက်နိုင်တဲ့အစားအစာတွေကို ချက်ပြုတ်ပြင်ဆင်ပြီး ရေခဲသေတ္တာတွင် သိမ်းထားပါ။
  • သင့်အိမ်ခန်းမှာ သိုလှောင်ပါ- အခွံမာသီးများ၊ အစေ့အဆန်များ ၊ စည်သွတ်ဘူးများ၊ နှင့် အာဟာရရှိသော အသင့်စား အစားအစာများကို သင့်အနီးမှာ ပြင်ဆင်သိုလှောင်ထားပါ။
  • လွယ်ကူသော ပရိုတင်းများ- ကြက်ဥပြုတ်၊ ကြိုတင်ချက်ပြုတ်ထားသော ကြက်သား သို့မဟုတ် စည်သွတ်တူနာများသည် အလွန်ကောင်းမွန်ပြီး အမြန်ရွေးချယ်စရာများဖြစ်သည်။
  • အကူအညီကိုလက်ခံပါ- ကုန်စုံစျေးဝယ်ခြင်း၊ အစားအသောက်ပြင်ဆင်ခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းအတွက် သင့်လုပ်ဖော်ကိုင်ဖက်၊ မိသားစု သို့မဟုတ် သူငယ်ချင်းများကို အကူအညီတောင်းရန် မမေ့ပါနှင့်။

ရေဓါတ်

  • ရေသည် အဓိကကျသည်- သင်သည် အလွန်အလုပ်များနေနိုင်သော်လည်း တစ်နေ့တာလုံး ရေများများသောက်ရန် မမေ့ပါနှင့်။
  • နို့တိုက်ရန် လိုအပ်ချက်များ- နို့တိုက်နေပါက နို့ထွက်ရန်အတွက် ရေသည် ပို၍ပင် အရေးကြီးပါသည်။

မိခင်နို့အာဟာရ- နို့ထွက်ရှိမှုကို အားကောင်းစေခြင်း

မိခင်နို့တိုက်ခြင်းက ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။ ပုံမှန်အားဖြင့် သင်၏ ကိုယ်ဝန်မဆောင်မီ လိုအပ်ချက်များနှင့် နှိုင်းယှဉ်ပါက တစ်နေ့လျှင် ကယ်လိုရီ ၃၀၀ မှ ၅၀၀ ခန့် ပိုလိုအပ်သည်။ သို့သော်လည်း သင့်ခန္ဓာကိုယ်၏ ဆာလောင်မှုအလျှောက် စွမ်းအင်လိုအပ်ချက်များကို ပံ့ပိုးပေးရန်အတွက် အာဟာရပြည့်ဝသော အစားအစာများကို အာရုံစိုက်စားသုံးပါ။

  • အရည်များ- ရေဓါတ်သည် နို့ထွက်ရှိမှုအတွက် အလွန်အရေးကြီးပါသည်။ ရေများများ ၊ ဆေးဖက်ဝင်အရွက်ပြုတ်ရည်များ ၊ ဟင်းရည် နှင့် အရည်ကြွယ်ဝသော သစ်သီးဝလံများကို စားသောက်ပါ။
  • ပရိုတင်း- နို့ထွက်ရှိမှုနှင့် သင့်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည်။
  • သံဓာတ်- ကိုယ်ဝန်ဆောင်နှင့် ကလေးမီးဖွားစဉ် အသုံးပြုခဲ့ရသော သံဓာတ်များကို ဖြည့်ဆည်းပေးသည်။
  • ကယ်လ်စီယမ်နှင့် ဗီတာမင် D- မိခင်နို့အရည်အသွေးနှင့် သင့်ကိုယ်ပိုင် အရိုးကျန်းမာရေးအတွက် အဓိကသော့ချက်ဖြစ်သည်။
  • မျှတသောအစားအစာ- ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ၊ အစေ့အဆန်များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံသည် အလုံးစုံအာဟာရပြည့်စေနိုင်သည်။

နို့တိုက်ခြင်းအတွက် အစားအစာများ

အချို့သော အစားအစာများသည် နို့ထောက်ပံ့မှုကို မြှင့်တင်ပေးခြင်းအတွက် အစဉ်အလာအားဖြင့် ဆက်စပ်မှုရှိသည်။ ၎င်းတို့တွင်-

  • အုတ်ဂျုံ: အမျှင်ဓာတ်နှင့် သံဓာတ်၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်။
  • စမုန်စပါး- နို့ရည်ထွက်ရှိမှုကို မြှင့်တင်နိုင်သော ဂုဏ်သတ္တိများ ရှိသည်ဟု ယူဆထားသည်။
  • အခြားရွေးချယ်စရာများ- နို့ထွက် ကွတ်ကီးများ သို့မဟုတ် ဖြည့်စွက်စာများကို မကြာခဏ စျေးကွက်တင်ကြသော်လည်း ၎င်းတို့၏ ထိရောက်မှုကို ခိုင်မာသော သိပ္ပံပညာဖြင့် အမြဲတမ်း ကျောထောက်နောက်ခံ မပြုပါ။

ကန့်သတ်ရှောင်ကြဉ်ရမည့်အရာ

  • ကဖိန်းဓာတ်- စားသုံးမှုကို အလယ်အလတ်ပမာဏ (တစ်နေ့လျှင် 300mg ထက်နည်း) ကန့်သတ်ပါ။ ကဖိန်းဓာတ်လွန်ကဲမှုက သင့်ကလေးမအိပ်ပဲ ဇီဇာကြောင်စေနိုင်ပါတယ်။
  • အရက်- နို့တိုက်နေစဉ် အရက်ရှောင်ပါ။ ၎င်းသည် သင့်မိခင်နို့ထဲသို့ ရောက်သွားနိုင်ပြီး သင့်ကလေးကို အန္တရာယ်ဖြစ်စေနိုင်သည်။
  • ဖြစ်နိုင်ချေရှိသော ဓာတ်မတည့်မှု-  သင့်အစားအသောက်တွင် အချို့သော အစားအစာများစားမိပြီးနောက် ကလေးအားဓာတ်မတည့်မှုတခုခု သတိပြုမိပါက ထိုအရာများကို ရှောင်ကြဉ်ပြီး သင့်ဆရာဝန် သို့မဟုတ် နို့တိုက်ခြင်းဆိုင်ရာ  အာဟာရပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။